ဆရာတော်အရှင်ဆန္ဒာဓိက

NoVote လို့ပြောနေတဲ့လူတွေအတွက် ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ဆုံးမစကား

Posted on
Sponsored

ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတာဆိုသူများ ဆရာတော် အရှင်ဆန္ဒာဓိက မိန့်ကြားထားတာလေး ဖတ်ကြည့်ပါ .

ကိုယ်လုပ်မှ ကိုယ်စားရမယ်။ မဲ သွားပေးစရာမလိုပါဘူး (No Vote) ဆိုတဲ့ သူတွေလည်းရှိတယ်။ သာမန်အားဖြင့် ကြည့်လိုက်ရင်တော့ ဟုတ်သလို ထင်ရတာပေါ့နော်။

ဒါပေမဲ့ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ စကားကို ခွဲခြမ်းကြည့်ရင် လုပ်တာရယ်၊ စားတာရယ် နှစ်မျိုးရှိတယ်။ အဲဒီတော့ ကိုယ်လုပ် သလောက် အကျိုးခံစားခွင့်ရဖို့ အလုပ်လုပ်တဲ့ နေရာမှာ အဆင်ပြေပြေလုပ်ဆောင်နိုင်ဖို့က အရေးကြီးသေးတယ်။

Sponsored
ဆရာတော်အရှင်ဆန္ဒာဓိက

ဒါတွေ အဆင်ပြေဖို့က စနစ်ကောင်းဖို့၊ အစိုးရ ကောင်းဖို့ လိုတယ်။ လယ်သမားက ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုပေမယ့် ကိုယ်စိုက်မယ့် လယ် အစိုးရက သိမ်းသွားရင် လုပ်လို့ မရတော့ဘူးလေ။

အစိုးရသိမ်းထားတဲ့ လယ်ကို သွားထွန်ရင်လည်း တရားစွဲခံရဦးမယ်။ အလုပ်သမားတွေဆိုရင်လည်း ကိုယ့်အိမ်နဲ့ အလုပ်ကို အဝေးကြီးသွားရပြီး လမ်းမှာ ကားတွေ ပိတ်လို့ အချိန်ကုန်ရတယ်။

လုပ်ငန်းခွင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ မကောင်းဘူးဆိုရင်လည်း အလုပ်လုပ်ရတာ ပင်ပန်းဆင်းရဲ တာပေါ့။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ စနစ် မကောင်းတဲ့အတွက် ကိုယ် လုပ်သလောက် အကျိုးခံစားခွင့် မရဘူး။

မလိုအပ်ဘဲ အချိန်ဆုံးရှုံးမှု၊ စိတ်အား၊ လူအားဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာရတယ်။ ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့အစိုးရ မကောင်းဘူး၊ စနစ် မကောင်းဘူးဆိုရင် ကိုယ်လုပ်တဲ့ လုပ်အားခ ထိုက်ထိုက်တန်တန်ရမှာ မဟုတ်ဘူး။

အလုပ်ချင်းအတူတူကို လုပ်အားခပိုရလို့ မိသားစုနဲ့ခွဲ၊ ကိုယ့်ရေမြေကို စွန့်ခွာပြီး ပြည်ပမှာ သွားအလုပ်လုပ်နေရတာတွေ အများကြီးပါ။ အဲဒါ ကြောင့် အစိုးရကောင်းဖို့၊ စနစ် ကောင်းဖို့ အရေးကြီးပါတယ်။ ကျောင်းသားလည်း ကိုယ်စာ ကျက်မှ ကိုယ်ရမှာပေါ့လေ။

ဒါပေမဲ့ ကိုယ်သင်ကြားတဲ့ ပညာ ရေး၊ ကိုယ်ကျက်တဲ့ စာ အဆင့်အတန်းမြင့်ဖို့ လိုတာပေါ့လေ။ ကျန်းမာရေးကလည်း ဒီလိုပဲ။ နောက်ပြီး ကိုယ်လုပ်ပြီး ကိုယ်စားရတဲ့ အခါမှာလည်း ကိုယ်စားရတဲ့ အစားအစာတွေ အရည်အသွေး ကောင်းဖို့၊ ဘေးအန္တရာယ်ကင်းဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်ဖို့ အရေးကြီးတာပေါ့လေ။

ဒါကြောင့် စနစ်ကောင်းကို ကျင့်သုံးမယ့် အစိုးရတစ်ရပ်ကို ရွေးချယ်တင် မြှောက်နိုင်ဖို့ နိုင်ငံသားတစ်ဦး၊ တစ်ယောက်ချင်းစီက ဘယ်အဖွဲ့ အစည်းကတော့ စနစ်ကောင်းအောင်၊ အစိုးရကောင်းအောင် လုပ်နိုင်မလဲဆိုတာ လေ့လာပြီး ကောင်းအောင်လုပ်နိုင်မယ့် အဖွဲ့အစည်းကို မဲ ပေးရမှာပေါ့။ အဲဒီတော့ ကိုယ့်ကိုယ်တိုင်လည်း မဲ သွားပေးကြပါ။

ကိုယ့်ဝန်းကျင်က လူတွေ မဲ သွားပေးဖြစ်အောင်လည်း ကူညီတိုက်တွန်း ပေးကြပါလို့ ပြောချင်ပါတယ်။

ရွှေပါရမီဆရာတော်အရှင်ဆန္ဒာဓိက

Leave a Reply

Your email address will not be published. Required fields are marked *