@BBC

ကိုရိုနာ ဗိုင်းရပ်စ် သည် လင်းနို့များ၌ပျံ့နှံ့နေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်ကြောင်း သုတေသီများပြောကြား

Posted on
Sponsored

လူသားများကိုရောဂါကူးစက်နိုင်သည့် Coronaviruses များသည် လင်းနို့များ၌ ဆယ်စုနှစ်များစွာတိုင်အောင် ပြန့်နှံ့နေခဲ့ကြောင်း သိရပါတယ်။ သုတေသီများ၏လေ့လာတင်ပြချက်များအရ Covid-19 ဖြစ်ပွားစေသည့်
ဗိုင်းရပ်စ်၏ အနီးစပ်ဆုံး ရှေ့ပြေး ဗိုင်းရပ်စ်တစ်မျိုးကို လွန်ခဲ့သောနှစ်ပေါင်း ၄၀ မှ ၇၀ အကြားကတည်းက လင်းနို့များ၌ တွယ်ကပ်ရှင်သန်နေခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဗိုင်းရပ်စ်များသည် လူသားများကို ကူးစက်ရန်အတွက် အချိန်အတန်ကြာကတည်းက ဆင့်ကဲပြောင်းလဲပြီး အဆင်သင့်ဖြစ်နေခဲ့ကြောင်း သိပ္ပံပညာရှင်များကပြောကြားခဲ့ပါတယ်။ ထို့အပြင် Covid-19 ကိုဖြစ်ပွားစေသည့်
ဗိုင်းရပ်စ်သည် ဇီဝဓာတ်ခွဲခန်းများမှ ထွက်ပေါ်လာသည်ဟူသော လျှို့ဝှက်ပူးပေါင်းကြံစည်မှုနှင့် ပတ်သက်၍လည်း သံသယဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

@BBC

ယခုလေ့လာမှုသုတေသနများတွင် ပါဝင်လုပ်ဆောင်နေသည့် Glasgow တက္ကသိုလ်မှ ပါမောက္ခ David Robertson က Nature Microbiology ဂျာနယ်၌ ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ သူက Sars-CoV-2 (pandemic coronavirus) သည်အနီးစပ်ဆုံးလေ့လာတွေ့ရှိထားသော လင်းနို့ဗိုင်းရပ်စ်များနှင့်အလွန်နီးစပ်သော်လည်း ဆယ်စုနှစ်များစွာကြာပြီးသည့်အခါ ၎င်းတို့သည် မျိုးဗီဇကွဲသွားခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

Sponsored

“ဒီအချက်က လူသားတွေမှာ ကူးစက်ဖို့အလားအလာရှိခဲ့တဲ့ဒီဗိုင်းရပ်စ်တွေဟာ အချိန်အတော်ကြာကြာ ရှိနေခဲ့တယ်ဆိုတာကိုပြနေပါတယ်” ဟုသူက BBC News သို့ပြောကြားခဲ့ပါတယ်။

“ဒီဗိုင်းရပ်စ်တွေဟာ လူသားတွေဆီကို ဘယ်နေရာကနေပြီး ဘယ်လိုကူးစက်လာတယ်ဆိုတာကို ကျွန်တော်တို့ အမှန်တကယ်နားလည်ဖို့လိုအပ်ပါတယ်။ အခု ဒီဗိုင်းရပ်စ်တွေဟာ လင်းနို့တွေကနေ ပျံ့နှံ့နေခဲ့တယ်လို့ ကျွန်တော်တို့ယုံကြည်ပါက၎င်းတို့ကို ပိုမိုဂရုတစိုက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်” ဟု သူကဆိုပါတယ်။

“အနာဂတ်မှာ ဖြစ်ပွားလာမယ့် ကူးစက်ရောဂါတွေကိုကာကွယ်ဖို့အတွက်ဆိုရင် လူသားတွေမှာဖြစ်ပေါ်နေတဲ့ ကူးစက်ရောဂါများကိုထပ်မံစောင့်ကြည့်လေ့လာဖို့ လိုအပ်ပြီး တောရိုင်းလင်းနို့တွေဆီက နမူနာတွေကိုလည်း
လေ့လာဖော်ထုတ်ဖို့လိုအပ်ပါတယ်။ “အကယ်၍ ဒီဗိုင်းရပ်စ်တွေဟာ ဆယ်စုနှစ်နဲ့ချီ ကြာနေပြီဆိုရင် အဲ့ဒါက သူတို့မှာ အိမ်ရှင်မျိုးစိတ်အသစ်တွေကို ရှာဖွေဖို့အခွင့်အရေးတွေအများကြီးရှိခဲ့တယ်လို့ ဆိုလိုပါတယ်” ဟု
ပါမောက္ခရောဘတ်ဆန်ကပြောကြားခဲ့ပါတယ်။

@BBC

သုတေသီများက Sars-CoV-2 ၏မျိုးရိုးဗီဇဖွဲ့စည်းပုံကို RaTG13 ဟုသိကြသော လင်းနို့များနှင့်နီးစပ်သည့် ဗိုင်းရပ်စ်များနှင့်နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။ သူတို့၏ လေ့လာတွေရှိချက်များအရ အဆိုပါ ဗိုင်းရပ်စ်နှစ်မျိုးသည်
တူညီသောမျိုးဗီဇတစ်ခုတည်းက ဆင်းသက်လာခဲ့ကြသော်လည်း လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက သူတို့၏ကိုယ်ပိုင်ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းအတိုင်း တည်ရှိလာခဲ့ကြောင်း သိရပါတယ်။

လေ့လာမှုတွင် မပါဝင်သည့် Reading တက္ကသိုလ်မှပါမောက္ခ Mark Pagel က “ယခုသုတေသနအရ လူသားများကိုကူးစက်နိုင်တဲ့ coronaviruses များဟာ လင်းနို့တွေမှာ နှစ်ပေါင်း ၄၀ မှ ၇၀ ကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး
သတိမပြုခဲ့မိကြတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ” ဒီတွေ့ရှိမှုက တိရစ္ဆာန်များကနေ လူသားတွေဆီကို ဗိုင်းရပ်စ်ရောဂါကူးစက်မှုများတည်ရှိနေတယ်ဆိုတဲ့ ပြသနာရဲ့ အတိုင်းအတာနဲ့သဘောသဘာဝကို ညွှန်ပြနေပါတယ်။
ဒါဆိုရင် တိရစ္ဆာန်တွေမှာ တွယ်ကပ်ရှင်သန်နေပြီး လူသားများကိုရောဂါကူးစက်နိုင်တဲ့ သတိမထားမိသေးတဲ့ အခြား ဗိုင်းရပ်စ်များစွာလည်းရှိနေနိုင်ပါတယ်” ဟု သူကဆိုပါတယ်။

ဗိုင်းရပ်စ်များသည် အခြားတောရိုင်းတိရစ္ဆာန်များတွင်လည်း ကူးစက်ပျံ့နှံ့နိုင်ပြီး အထူးသဖြင့်တရားမဝင်တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှုမှတစ်ဆင့် တစ်ကောင်နှင့်တစ်ကောင် အနီးကပ်ထိတွေ့မှုရှိသူများကိုကူးစက်ပျံ့နှံ့ခဲ့ခြင်း ဖြစ်နိုင်ကြောင်းသိရပါတယ်။ ယခင်သုတေသနပြုချက်အရ pangolins များသည် Sars-CoV-2 ၏ ဆင့်ကဲဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု တင်ပြခဲ့သော်လည်း နောက်ဆုံလေ့လာတွေ့ရှိချက်အရ အဆိုပါဖြစ်စဉ်မှာ မဟုတ်မှန်ကြောင်း သိရပါတယ်။

အဲ့ဒီအစား တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုများမှတဆင့် အခြားတောရိုင်းတိရိစ္ဆာန်များနှင့်ထိတွေ့ရာမှ pangolins များ၌ ဗိုင်းရပ်စ်များတည်ရှိလာခြင်းဖြစ်နိုင်ကြောင်း သိရပါတယ်။

Writer – Leo ( The Lifestyle Myanmar )

Leave a Reply

Your email address will not be published. Required fields are marked *