@CNN

အာဖဂန်ရှိ အမေရိကန်စစ်သားများ လုပ်ကြံခံရမှုနောက်ကွယ်က ရုရှား

Posted on
Sponsored

ထရန့် အစိုးရဟာ ထောက်လှမ်းရေးရဲ့ အဆိုပါခိုင်မာတဲ့အကဲဖြတ်ထောက်ပြမှုတွေကို ကိုင်တွယ်ရန် လပေါင်းများစွာ အချိန်ဆွဲနေခဲ့ကြောင်းသိရပါတယ်။ ရရှားထောက်လှမ်းရေးအဖွဲ့ဟာ တာလီဘန်နှင့်ဆက်နွယ်နေသောစစ်သွေးကြွများအားအာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန်တပ်တွေအပါအဝင် မဟာမိတ်တပ်တွေကို တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် လျှို့ဝှက်စွာကမ်းလှမ်းခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့က သုံးသပ်ပြောကြားလိုက်ပါတယ်။ အဆိုပါတပ်တွေဟာ ကာလရှည်စစ်ပွဲကို အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကြားမှာ ရောက်ရှိနေတာဖြစ်တယ်လို့ တာဝန်ရှိသူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

ရရှားတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့နှစ်ကလည်း လုပ်ကြံတိုက်ခိုက်မှုတွေအတွက် လျှို့ဝှက်ကမ်းလှမ်းချက်တွေရှိခဲ့တယ်လို့ အမေရိကန်က လွန်ခဲ့တဲ့လများက ဆိုပါတယ်။အဆိုပါ ရရှားတပ်ဖွဲ့ဟာ အနောက်နိုင်ငံတွေကိုမငြိမ်သက်မှုတွေ ဖြစ်စေဖို့အတွက် လုပ်ကြံတိုက်ခိုက်ရန်ကြိုးပမ်းမှုတွေနဲ့ အခြားလျှို့ဝှက်စစ်ဆင်ရေးတွေကို ဥရောပမှာပြုလုပ်ဖို့ ချိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ အစ္စလာမ်မစ် စစ်သွေးကြွတွေ (သို့မဟုတ်) ၎င်းတို့နဲ့ နီးကပ်စွာ ဆက်နွယ်နေတဲ့
လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ကမ်းလှမ်းချက်ငွေအမြောက်အမြား စုဆောင်းရရှိထားတယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ အာဖဂန်နစ္စတန်ရှိ တိုက်ပွဲမှာ အမေရိကန်စစ်သား အယောက်၂၀ သေဆုံးခဲ့ပါတယ်။ ဒါပေမယ့်
မည်သည့်သတ်ဖြတ်မှုဟာ သံသယဖြစ်စရာဆိုတာကတော့ မသေချာခဲ့ပါဘူး။

@CNN

ထောက်လှမ်းရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို သမ္မတ ထရန့်(Trump)အား အသိပေးခဲ့ပြီး အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီ ဟာ မတ်လနှောင်းပိုင်းမှာပြုလုပ်ခဲ့တဲ့ အေဂျင်စီအစည်းအဝေးမှာ ထိုပြသနာကို ဆွေးနွေးခဲ့ကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ မော်စကိုသို့ သံတမန်ရေးအရတိုင်တန်းခြင်းနဲ့ အရေးယူပိတ်ဆို့မှုများနှင့် အခြားဖြစ်နိုင်ခြေရှိတဲ့ တုံ့ပြန်မှုများ စတဲ့ အလားအလာရှိတဲ့ ရွေးချယ်စရာတွေကို တာဝန်ရှိသူတွေက တင်ပြခဲ့ပေမယ့် အိမ်ဖြူတော်ကတော့ မည်သည့်ခြေလှမ်းကိုမျှ လှမ်းခွင့်မပြုသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

Sponsored

အမေရိကန်နှင့်အခြား နေတိုးတပ်ဖွဲ့များအားသတ်ဖြတ်မှုကိုအားပေးသည့်စစ်ဆင်ရေးတစ်ခုဟာ အမေရိကန်နှင့်အာဖဂန်အစိုးရတာဝန်ရှိသူများကပြောကြားခဲ့သည့် ရရှားဟာ တာလီဘန်များကိုထောက်ခံနေသည့်အဆိုကို
သိသိသာသာနှင့်စိတ်ဆိုးဒေါသထွက်ဖွယ်ရာ တစ်စတစ်စခိုင်မာလာစေခဲ့ပါတယ်။ ပြီးတော့ ဒါဟာ ရုရှားသူလျှိုအဖွဲ့ရဲ့ အနောက်တိုင်း တပ်များအပေါ် ကြိုးကိုင်တိုက်ခိုက်မှုများပြုလုပ်သောပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။
အမေရိကန်တပ်များသေဆုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ တာလီဘန်တွေနဲ့ ပါဝင်ပတ်သက်မှုတွေဟာလည်း ရရှားရဲ့ အမေရိကန်ကို ဆန့်ကျင်တဲ့ Hybrid War ရဲ့ ကြီးမားတဲ့အရှိန်အဟုန်လည်းဖြစ်လာပါတယ်။ Hybrid War ဆိုတာကတော့ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအတုတွေပျံ့နှံ့မှုတွေနဲ့ လျှို့ဝှက်ပြီး ငြင်းဆိုနိုင်တဲ့ စစ်ဆင်ရေးကဲ့သို့သော နည်းဗျူဟာများကို အသုံးချပြီး ရန်သူတွေကို မတည်မငြိမ်ဖြစ်စေခြင်း ဖြစ်ပါတယ်။

ကရင်မလင်(Kremlin)ဟာ အဆိုပါစွပ်စွဲချက်တွေကို သတိမပြုမိကြောင်း ရရှားသမ္မတ ဗလာမီယာပူတင်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဒီမစ်ထရီ ပက်စ်ကော့ (Dmitry Peskov) ကပြောကြားခဲ့ပါတယ်။ “တကယ်လို့ တစ်ယောက်ယောက်ကပြုလုပ်ခဲ့ရင်လည်း ကျွန်တော်တို့ တုန့်ပြန်သွားမှာပါ” လို့ မစ္စတာ ပက်စ်ကော့က ပြောကြားခဲ့ပါတယ်။တာလီဘန်တွေရဲ့ ပြောရေးဆိုခွင့်ရသူ ဇာဘစ်ဟူလာမူဂျာဟစ်ကတော့ သောင်းကျန်းသူများဟာ“ မည်သည့်ထောက်လှမ်းရေးအေဂျင်စီနှင့်မျှ ထိုကဲ့သို့သောဆက်ဆံရေးမျိုးမရှိ” ဟုငြင်းဆိုခဲ့ပြီး အဆိုပါအစီရင်ခံစာဟာသူတို့ကို အသရေဖျက်ဖို့ ကြိုးပမ်းခဲ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ရုရှားထောက်လှမ်းရေးအေဂျင်စီနဲ့ ဒီလိုမျိုး အပေးအယူလုပ်တယ်ဆိုတာဟာ အခြေအမြစ်မရှိပါဘူး။ ကျွန်ုပ်တို့ရဲ့ ပစ်မှတ်ထားသတ်ဖြတ်မှုများနှင့်လုပ်ကြံသတ်ဖြတ်မှုတွေဟာလွန်ခဲ့တဲ့ နှစ်တွေအတွင်းကဖြစ်ပွားခဲ့ပြီး ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်အရင်းအမြစ်တွေနဲ့ပဲ ပြုလုပ်ခဲ့တာဖြစ်တယ်” လို့ သူကပြောပါတယ်။ “အဲ့ဒီကိစ္စတွေဟာလည်း အမေရိကန်နဲ့သဘောတူညီမှု အပြီးမှာ ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့ရဲ့ ဘဝတွေဟာလည်း လုံခြုံသွားပြီဖြစ်ပြီး ကျွန်ုပ်တို့လည်း သူတို့ကို တိုက်ခိုက်ခြင်းမရှိတော့ပါဘူး။” လို့ပြောကြားခဲ့ပါတယ်။

@CNN

အမျိုးသားလုံခြုံရေးကောင်စီ၊ ပင်တဂွန်၊ ပြည်နယ်ဌာနနှင့်စီအိုင်အေမှအရာရှိများကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ ထောက်လှမ်းရေးဌာန နှင့်အကျွမ်းတဝင်ရှိသည့်တာဝန်ရှိသူများကတော့ ရုရှားနှင့် ပတ်သက်ပြီး
ထောက်လှမ်းရေးဌာနအား မည်သို့မည်ပုံ ပြန်ကြားရမည်ကို အိမ်ဖြူတော်ရဲ့ ဆုံးဖြတ်ချက်နှောင့်နှေးနေမှုအပေါ် ရှင်းလင်းချက်မထုတ်ပြန်ခဲ့ပါဘူး။

နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယို(Mike Pompeo) ကဲ့သို့သောသူရဲ့ အနီးကပ်ဆုံးအကြံပေးတွေက ရုရှားအပေါ်တင်းမာသောမူဝါဒများ ချမှတ်ရေးနဲ့ပတ်သက်ပြီး အကြုံပြုတိုက်တွန်းခဲ့ကြပေမယ့် မစ္စတာ ထရန့်(Trump)
ကတော့ မော်စကိုရဲ့ ရပ်တည်ချက်အား ထောက်ခံမှုကို အတည်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဖင်လန်နိုင်ငံ, ဟယ်ဆင်ကီ(Helsinki) မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ မစ္စတာ ထရန့်(Mr.Trump)က ကရင်မလင်ဟာ
၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုသည့်အဆိုအား မစ္စတာ ပူတင်(Mr.Putin)ရဲ့ ငြင်းဆိုချက်ကို ယုံကြည်ကြောင်း တင်ပြခဲ့ပါတယ်။ ကရင်မလင်က စွက်ဖက်မှုရှိခဲ့တာကိုအမေရိကန်ထောက်လှမ်းရေးဌာနအတွင်းခိုင်မာတဲ့ သဘောတူညီချက်ရှိနေခဲ့ပေမယ့် ထိုကဲ့သို့ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ကွန်ဂရက်ကဗီတိုအာဏာသုံးပြီးအများစုကိုအတည်ပြုပြီးနောက် ဥပဒေသို့လက်မှတ်ရေးထိုးခဲ့စဉ် မစ္စတာ ထရန့်(Mr.Trump)ဟာ
ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သည့် ဥပဒေကိုဝေဖန်အပြစ်တင်ခဲ့ပါတယ်။ ပြီးတော့ သူဟာ ဥရောပသို့ ရရှားတို့ရဲ့ကျူးကျော်မှုကို ဆန့်ကျင်ပြီး အကာအကွယ်အဖြစ် နေတိုး(NATO)မဟာမိတ်တပ်များရဲ့ ပူးပေါင်းမှုကို နှောင့်ယှက်တဲ့ထုတ်ပြန်ချက်တွေကို ထပ်ခါတလဲလဲပြုလုပ်ခဲ့ပါတယ်။

@CNN

အနုစိတ်သော ထောက်လှမ်းရေးနဲ့ ပြည်တွင်းရေး ဆွေးနွေးမှုများကို ဖော်ပြရန် လျှို့ဝှက်ထားတဲ့ အခြေအနေအပေါ် တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူတို့က ထောက်လှမ်းရေးဟာ အနီးကပ်ထိန်းသိမ်းထားတဲ့လျှို့ဝှက်ချက်တစ်ခုအနေနဲ့ပြုမူခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်များအား ဗြိတိသျှအစိုးရကို မျှဝေဖလှယ်ခဲ့ခြင်း အပါအဝင် အသေးစိတ်ညွှန်ကြားချက်များကို အုပ်ချုပ်ရေးပိုင်းက ရှင်းလင်းပြောကြားခဲ့ပါတယ်။

အဆိုပါ ပစ်မှတ်ထားခံရတဲ့ တပ်ဖွဲ့တွေထဲမှာ ဗြိတိသျှတပ်ဖွဲ့တွေလည်း အပါအဝင်အဖြစ်ပါတယ်။ ထောက်လှမ်းရေးရဲ့ သုံးသပ်ပြောကြားမှုတွေဟာ အနည်းဆုံးတော့ ဖမ်းမိထားတဲ့ အာဖဂန်စစ်သွေးကြွတွေနဲ့ ရာဇဝတ်သားတွေကို စစ်ကြောမေးမြန်းချက်တွေအပေါ် အခြေပြုထားတယ်လို့ ဆိုပါတယ်။ “ပစ်မှတ်တွေကိုဘယ်လိုရွေးချယ်တယ်၊ ပိုက်ဆံတွေကို ဘယ်လိုပေးချေတယ်”စတဲ့ ရရှားတို့ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတွေကိုတော့ မဖော်ပြပါဘူး။ အာဖဂန်နစ္စတန်တွင်ရုရှားစစ်တပ်များနေရာချထားမှုရှိမရှိ သို့မဟုတ် အခြားနေရာများတွင်တာလီဘန် အကြီးအကဲများနဲ့ တွေ့ဆုံခဲ့ခြင်းရှိမရှိ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဆိုပါ ဖွင့်ဟပြောဆိုချက်တွေဟာ ထိလွယ်ရှလွယ်ဖြစ်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေများနဲ့ ထရန့်(Trump) ရဲ့ အုပ်ချုပ်ရေးပိုင်းကို အာရုံစိုက်လာစေခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းမှာ တာဝန်ရှိသူများကထောက်လှမ်းရေးများကိုစုစည်းခဲ့သော်လည်းCoronavirus ကူးစက်ရောဂါဟာ အကျပ်အတည်းဖြစ်လာပြီး တိုင်းပြည်ရဲ့ ဒေသအစိတ်အပိုင်းများပိတ်ချထားချိန်မှာ အိမ်ဖြူတော်၌ အင်တာအေဂျင်စီ(interagency)အစည်းအဝေးကိုပြုလုပ်ခဲ့ရပါတယ်။ ဒါအပြင် မစ္စတာ ထရန်(Mr. Trump)ဟာနိုဝင်ဘာလမှာ ပြန်လည်ရွေးကောက်ခံနိုင်ဖို့အတွက် အာဖဂန်စစ်ပွဲအဆုံးသတ်ရန် တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ရယူဖို့ ဆန္ဒရှိနေပါတယ်။
အမေရိကန်နှင့်အာဖဂန် နှစ်ဖက်လုံးမှ တာဝန်ရှိသူများက ရုရှားနိုင်ငံဟာ တာလီဘန်များအားလက်နက်ငယ်များနဲ့အခြားအထောက်အပံ့များပေးနေသည်ဟု ကနဉီးစွပ်စွဲခဲ့ကြပြီး ရရှာအစိုးရ တာဝန်ရှိသူတွေကတော့ အဆိုပါပြောဆိုစွပ်စွဲချက်တွေကို”အသုံးမကျတဲ့ ကောလဟာလတွေနဲ့ အခြေအမြစ်မရှိတဲ့ ပြောဆိုချက်တွေ”လို့ ငြင်းဆိုပလပ်ထားပါတယ်။

ကျွန်တော်တို့ဟာ အာဖဂန်နစ္စတန်မှာ ရရှားနဲ့ အကျိုးစီးပွားတွေမျှဝေခဲ့ပြီး သူတို့ကတော့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို ထိခိုက်အောင်လုပ်နေတာ ရှင်းပါတယ်“လို့ အဲ့ဒီအချိန်မှာ အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ အမေရိကန် အရာရှိ
ဂျွန်ဒဗလျူနီကောလွန်းဂျူနီယာ(John W. Nicholson Jr)က ၂၀၁၈ ခုနှစ်အတွင်း အင်တာဗျူးတစ်ခုမှာ ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

ညွန့်ပေါင်းမဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ နွေရာသီနှင့်ဆောင်းဦးရာသီတွေမှာ တိုက်ပွဲတွေပြင်းထန်စွာခံစားခဲ့ရသော်လည်း အနည်းငယ်သာ ကျဆုံးခဲ့ပါတယ်။ ၂၀၂၀ အစောပိုင်းတိုက်ပွဲတွေမှာတော့ အမေရိကန်တပ်သား ၄ ယောက်
ကျဆုံးခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ သဘောတူညီချက်ကနေစပြီး တာလီဘန်တွေဟာ အမေရိကန်တပ်တွေရဲ့ တည်နေရာတွေကို တိုက်ခိုက်ခြင်းမရှိတော့ပါဘူး။ အမေရိကန်စစ်တပ်များဟာလည်း coronavirus ကြောင့် စစ်အခြေစိုက်စခန်းပြင်ပရှိသူတို့ရဲ့လှုပ်ရှားမှုတွေကို သိသိသာသာလျှော့ချခဲ့ပြီး တိုက်ခိုက်မှုနှင့်ထိတွေ့မှုများကိုလည်း လျော့နည်းစေခဲ့ပါတယ်။

တာဝန်ရှိသူတွေက “ရရှားဟာ အမေရိကန်စစ်သားတွေကို လုပ်ကြံတိုက်ခိုက်ဖို့အတွက် အာဖဂန်စစ်သွေးကြွများအား ကမ်းလှမ်းခဲ့သည်” ဆိုတဲ့ ထောက်လှမ်းရေးရဲ့ သတင်းအချက်အလက်တွေကို ယုံကြည်မှုရှိဖို့ပြောကြားခဲ့ပေမယ့်
ရုရှားအစိုးရရဲ့ လျှို့ဝှက်စစ်ဆင်ရေးဟာ မည်မျှမြင့်မားကြောင်း နဲ့ ၎င်းရဲ့ ရည်ရွယ်ချက်ဟာ ဘာဖြစ်မည်ဆိုတာကိုတော့ မသေချာမရေရာမှုများရှိနေကြောင်းဆိုပါတယ်။
အချို့သောတာဝန်ရှိသူတွေကတော့ ရုရှားဟာ ၂၀၁၈ ခုနှစ် ဆီးရီးယားမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွက် နေတိုးတပ်များအားလက်စားချေခြင်းဖြစ်မည်ဟု သုံးသပ်ပြောဆိုကြပါတယ်။ အဆိုပါ စစ်ပွဲမှာ အမေရိကန်စစ်တပ်ဟာ
ရုရှားကြေးစားစစ်သားများစွာအပါအဝင် ဆီးရီးယားလိုလားသောတပ်သား ရာပေါင်းများစွာကို အမေရိကန်ရှေ့တန်းကင်းစခန်းသို့ချီတက်လာသည့်အတွက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ “ရုရှားဟာ အာဖဂန်နစ္စတန်တွင် အမေရိကန်များအား အခက်အခဲအတွင်းမှ ရုန်းမထွက်နိုင် ဖြစ်စေရန်ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လွဲချော်ပျက်ပြားစေရန်ကြိုးစားနေခြင်းလည်း ဖြစ်နိုင်သည်”ဟုလည်း အရာရှိများကသုံးသပ်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အရင်းခံအကြောင်းတရားတွေကတော့မှုန်ဝါးနေဆဲ ဖြစ်ပါတယ်။

“အစိုးရဟာ G.R.U လို့လူသိများတဲ့ ရုရှားနိုင်ငံ၏စစ်ရေးထောက်လှမ်းရေးအေဂျင်စီရဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့တယ်”ဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး တာဝန်ရှိသူများကရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါယူနစ်ဟာ
အင်္ဂလန်နိုင်ငံ ဆယ်လ်ဘရီ(Salisbury)မြို့ရှိ ဗဟို အေးဂျင့် ဆာဂေး စကရီပယ်(Sergei Skripal) နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ အဆိပ်သင့်မှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဆာဂေး စကရီပယ်(Sergei Skripal)ဟာ ဗြိတိန်ထောက်လှမ်းရေးအတွက် အလုပ်လုပ်ခဲ့တဲ့G.R.U အရာရှိဟောင်းဖြစ်ပြီးတော့ နောက်ပိုင်းမှာ စွန့်ခွာခဲ့ပါတယ်။

အနောက်ထောက်လှမ်းရေး တာဝန်ရှိသူတွေကတော့ အဆိုပါ ယူနစ်ဟာ အဖျက်အမှောင့်လုပ်ငန်းတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ သစ္စာဖောက်အဖြစ်သိမ်းသွင်းမှုတွေကို အသုံးချပြီး အနောက်နိုင်ငံတွေကို တည်ငြိမ်မှုပျက်ပြားစေဖို့
ဆယ်စုနှစ်ကျော်အကြာထိ စစ်ဆင်လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ကရင်မလင်ဟာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။၂၀၁၈ ခုနှစ်အဆိပ်သင့်မှုအပြင် ထိုယူနစ်ဟာ မွန်တီနီဂရိုးတွင် ၂၀၁၆ ခုနှစ်၌ အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့်
လွန်ခဲ့သောတစ်နှစ်က ဘူလ်ဂေးရီးယားရှိလက်နက်ထုတ်လုပ်သူများအဆိပ်သင့်မှုနောက်ကွယ်တွင်လည်း ရှိနေကြောင်းသိရပါတယ်။

အမေရိကန်ထောက်လှမ်းရေးတာဝန်ရှိသူများကတော့ G.R.U ဟာ 2016 သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်ဖို့ မော်စကိုရဲ့လျှို့ဝှက်ကြိုးပမ်းမှုတွေရဲ့ ဗဟိုချက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုရွေးကောက်ပွဲ မတိုင်မီလများအတွင်းက ၂၆၁၆၅ နှင့် ၇၄၄၅၅ ဟုသိကြသော G.R.U. cyberunits များဟာ ဒီမိုကရက်တစ်ပါတီ၏ဆာဗာများကိုထိုးဖောက်ဝင်ရောက်ပြီးအကျပ်ရိုက်စေသော အတွင်းရေးဆက်သွယ်မှုများကို WikiLeaks အားအသုံးပြုပြီး ထုတ်ဝေခဲ့တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။

အဆိုပါ လုပ်ဆောင်မှုတွေရဲ့ တစ်စိတ်တစ်ဒေသဟာ ရွေးကောက်ပွဲမှာ မစ္စတာ Trump ရဲ့ အသာစီးရရေးကို ကူညီဖို့ ရည်ရွယ်ခဲ့တာဖြစ်သည့်အတွက်ကြောင့် ယခုအခါ မစ္စတာ Trump ဟာ ရရှားနဲ့ သမ္မတ ပူတင်တို့နှင့်ပတ်သက်သည့်
အရေးကိစ္စတွေကို သူရဲ့ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး အထူးစိစစ်မှုအောက်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အထူးကောင်စီ စုံစမ်းစစ်ဆေးရေးဌာနဟာ ထရန်(Trump)ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဟာ ရရှားရဲ့ ကြားဝင်မှုကို ကြိုဆိုခဲ့ကြပြီး ထိုကနေအကျိုးခံစားမှုတွေကို မျှော်လင့်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ဥပဒေကိုချိုးဖောက်တဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေ ရှိခဲ့တယ်ဆိုတာကို သက်သေထူဖို့အတွက် လုံလောက်တဲ့သက်သေအထောက်အထား မရရှိသေးဘူးလို့ ဆိုပါတယ်။

ယူနစ် ၂၉၁၅၅ အပါအဝင် စစ်ဆင်ရေးတွေဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ ပါဝင်မှုထက်ပိုပြီး အကြမ်းဖက်ပြင်းထန်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ အရာရှိတွေဟာ 1980 ခုနှစ်အာဖဂန်နစ္စတန်ရှိ ဆိုဗီယက်ပြည်ထောင်စုရဲ့ကျရှုံးစစ်ပွဲမှာ
ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ အဆိုပါယူနစ်ဟာ အနောက်တိုင်းစစ်သားများအားတိုက်ခိုက်မှုများပြုလုပ်နေသည်ဟု အရင်တုန်းကတစ်ခါမျှစွပ်စွဲ မခံခဲ့ရသော်လည်းအာဖဂန်နစ္စတန်တွင်နှစ်ပေါင်းများစွာလှုပ်ရှားလျက်ရှိခဲ့တယ်လို့ တာဝန်ရှိသူများကပြောဆိုခဲ့ပါတယ်။

ရုရှားဟာ တာလီဘန်များကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ၂၀၀၃ ခုနှစ်က ကြေငြာခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း၎င်းတို့အကြားဆက်ဆံရေးမှာ နွေးထွေးလာခဲ့ပါတယ်။ တာလီဘန်အရာရှိများဟာ
သမ္မတဟောင်း ဟာမစ်ကာဇိုင်း အပါအဝင် အခြား အရေးပါသောအာဖဂန်လူမျိုးများနှင့်အတူ ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် မော်စကိုသို့သွားရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စုမှ ကိုယ်စားလှယ်များအပါအဝင်လက်ရှိအာဖဂန်အစိုးရ၏ ကိုယ်စားလှယ်များကို ချန်လှပ်ထားခဲ့ပါတယ်။ တစ်ခါတစ်ရံ သူတို့ဟာ ပဋိပက္ခအဆုံးသတ်ကို ယူဆောင်ရန်အတွက် အမေရိကန်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ဖီလာဆန့်ကျင်သောကြိုးပမ်းမှုများ လုပ်ဆောင်နေပုံရတယ်လို့ဆိုပါတယ်။ ယခုကဲ့သို့ ထုတ်ဖော်ချက်တွေဟာ မစ္စတာ ထရန့် (Mr.Trump) က ၇ နိုင်ငံ အုပ်စုထိပ်သီးအစည်းအဝေးမှာ ရရှားသမ္မတ မစ္စတာပူတင်(Mr.Putin) ကို ဖိတ်ကြားမည်ဖြစ်ကြောင်း ပြောကြားပြီးနောက် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။

အမေရိကန်နဲ့ရရှား တပ်တွေရဲ့ တင်းမာမှုတွေဟာလည်း မြင့်တက်နေဆဲဖြစ်ပါတယ်။ မကြာသေးမီကဖြစ်ရပ်တွေမှာလည်း အလက်စကာကမ်းရိုးတန်းမှ ပင်လယ်နက်နှင် မြေထဲပင်လယ်အထိဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ပိုင်နက်နှင့် လေပိုက်နက်အတွင်း တစ်နိုင်ငံဆီမှ တိုက်ခိုက်ရေးလေယာဉ်တွေဟာအခြားနိုင်ငံရဲ့ စစ်လေယာဉ်တွေကို ကြားဖြတ်တိုက်ခိုက်ဖို့အတွက် ကြိုးပမ်းခဲ့ကြောင်းသိရပါတယ်။

Writer – Leo ( The Lifestyle Myanmar )
Source: BBC

Leave a Reply

Your email address will not be published. Required fields are marked *