ဖားကန့် ၊ ဆက်သေနေကြဦးမှာလား ဖားကန့်မှာမြေပြိုလို့ လူတွေ သေကြရတာ ဘာကြောင့်လဲ။ ဒီကိစ္စဟာ သတ္တုတွင်းနည်းပညာကိစ္စတခုတည်းကိုပဲ လက်ညှိုးထိုးလို့မရဘူး၊ဒီအတိုင်းပဲ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု တခုတည်းကိုပဲ အပြစ်ပုံနေလို့မရဘူး၊
ဒီနယ်မြေ က မငြိမ်းချမ်းတဲ့မြေ ၊ နှစ်ဖက်လက်နက်ကိုင်များ လှုပ်ရှားထိန်းချုပ်ရာနယ်မြေ၊ လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ဩဇာ လွှမ်းမိုးမှုရှိနေတဲ့နယ်မြေ လို့ပြောရင်မမှားဘူး။ ဒီတော့ အစိုးရ အုပ်ချုပ်ရေး စနစ် အလုံးစုံ လွှမ်းခြုံ စီမံခန့်ခွဲနိုင်တဲ့အနေအထားမရှိဘူး၊ တနည်းအားဖြင့် ဥပဒေစိုးမိုးရေး အပြည့်အဝ လုပ်နိုင်တဲ့ နယ်မြေဒေသမဟုတ်ဘူး။ ဒီအခြေအနေမှာ စီးပွားရေးသမားတွေက နှစ်ဖက်သော လက်နက်ကိုင်တွေနဲ့ အဆင်ပြေအောင် နေရင်း စီးပွားရေး အခွင့်အလမ်းတွေဖော်ဆောင်ကြတယ်။ ဥပဒေ စိုးမိုးရေး အပြည့်အဝ မလုပ်နိုင်တဲ့ အပေါ် အချို့စီးပွားရေးသမားတွေက အခွင့်ကောင်းယူကြတယ်။ (အစိုးရက အလေးထားအကောင်အထည်ဖော်နေတဲ့ EITI လုပ်ငန်းစဉ်က နိုင်ငံတကာစာရင်းစစ်တွေ ဖားကန့်သွားမယ်ဆိုတာတောင် လုံခြုံရေး အကြောင်းပြ သွားခွင့်မပြုခဲ့ဘူး၊ ဒါပေမဲ့ တဖက်နိုင်ငံသား တရုပ်တွေကတော့ ဥဒဟို သွားလာနေတာတော့ တွေ့နေရတာပါပဲ။)

ဒီတော့ ကျောက်စိမ်း မထုတ်နဲ့ လို့ ပြောလဲ ခိုးထုတ် ခိုးသယ်နေတာတွေ ရှိနေတာပဲ။ မထုတ်ပဲနေတော့ အစိုးရ အခွန်နစ်နာတာပဲ အဖတ်တင်တယ်၊ ထုတ်ဆိုပြန်တော့လည်း ပြဿနာပေါင်းစုံ ကြုံတွေ့ရတယ်။ တကယ့် ဆုတ်လဲစူး၊ စားလဲရူး အခြေအနေပဲ။ (ကိုဗစ်ကာလ မူဆည်မှာကျောက်စိမ်းတွေခိုးသယ်တဲ့ ကားတွေမိတဲ့သတင်းဖတ်လိုက်ရပါတယ်)
ယခင်အစိုးရတွေက နီးစပ်ရာလူတွေ လက်သင့်ရာစားတော်ခေါ်ပြီး ကျောက်စိမ်းတူးလိုင်စင်တွေချပေးတယ်။ လက်ရှိအစိုးရက လိုင်စင်အသစ်ထပ်မပေးတော့ဘူး၊ တချို့ကို ရပ်ဆိုင်းပစ်တယ်။ ဒါပေမဲ့ ဆရာ့ဆရာကြီးများရဲ့ ကုမ္ပဏီတွေက ၂၀၂၁ အထိ လိုင်စင်သက်တမ်း ရှိနေဆဲပဲ။ Strategic Environmental Assessment လို့ခေါ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာမြောက် ဆန်းစစ်ခြင်းကို အစိုးရက နိုင်ငံခြားက ပညာရှင်တွေငှားပြီး လေ့လာရေးဆွဲတယ်။ ဘယ်လို လူမှုရေး၊ ပတ်ဝန်းကျင် ဆိုးကျိုးတွေ နည်းသွားအောင်လုပ်မလဲပေါ့။ လိုင်စင်သက်တမ်းရှိနေတဲ့ ကျောက်စီမ်းကုမ္ပဏီတွေ ကိုလည်း Environmental Management Plan EMP လို့ခေါ်တဲ့ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး စီမံချက်တွေဆွဲခိုင်းတယ်။ ခက်တာက ဆီးချိုဖြစ်လို့ ကျောက်ကပ်ထိပြီး ခြေထောက်တွေဖောရောင်နေတာ ခြေဖမိုး ပရုတ်ဆီလိမ်းသလိုပဲ ဖြစ်နေတယ်။ အနာနဲ့ဆေးမတဲ့ဘူး၊ နာရတဲ့ ပင်မ အကြောင်းရင်းကို မကုသနိုင်ဘူးဖြစ်နေတယ်။
ဘာဖြစ်လို့ လဲဆိုတော့ ယခင်အစိုးရတွေ ချပေးခဲ့တဲ့ လိုင်စင်တွေက ဖြစ်ကတတ်ဆန်း ချပေးခဲ့တာတွေ ဖြစ်တော့ ဘယ်လိုမှ စနစ်တကျ လုပ်ကိုင်နိတူးဖော်ထုတ်လုပ်မဲ့ mine plan စံချိန်မှီ မဆွဲ နိုင်ဘူး ဖြစ်နေတယ်။

ဖြစ်သင့်တာက စနစ်တကျလေ့လာရေးဆွဲထားတဲ့ ကျောက်မျက်ဖြစ်နိုင်ခြေ ဘူမိမြေပုံ အပေါ်အ ခြေခံပြီး တူးဖော်ထုတ်လုပ်မဲ့ ကျောက်မျက်နယ်မြေ mining zone ကို သတ်မှတ်သင့်တယ်။ လူတွေနေထိုင်ရာ၊ ဒေသတွေကို သီးခြားခွဲထုတ်သင့်တယ်။ ဒီလို Zoning plan မြေအသုံးချမှု တွေ စနစ်တကျ သတ်မှတ်ပြီးမှသာ Extraction Zone တူးဖော်မဲ့နေရာ၊ Mine waste managed area စွန့်ပစ်မြေစာ စီမံခန့်ခွဲရာနေရာ၊ Rehabilitation site ပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးနဲ့ ထိန်းသိမ်းရေး နေရာ၊ ဆိုပြီး ပေါ်ပေါက်လာမှာဖြစ်တယ်။ ဒီဇုံနယ်မြေအလိုက် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု လမ်းညွှန်မူ ဘောင်frameworks အပေါ်မူတည်ပြီး လိုင်စင် ချပေးလိုက်တဲ့ အကွက်တကွက်စီအလိုက် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု စီမံချက်ကို လိုက်လျောညီထွေစွာ ရေးဆွဲရမှာဖြစ်ပါတယ်။ ရေးဆွဲထားတဲ့ အတိုင်း တကယ်လုပ်မလုပ်စစ်နိုင်ဖို့လိုသေးတယ်။ ဒါကလည်း အလှမ်းဝေးကွာဆဲဖြစ်တယ်။
ဒါကြောင့် အထက်ကပြောသလိုလည်း လိုက်မလုပ်နိုင် တဖက်မှာလည်း ငါမနိုင်မသားများ ကြီးစိုးနေတဲ့ ဖားကန့်မှာ ကျောက်စိမ်းဆက်ထုတ်ခွင့်ပြုမယ်ဆိုရင်တော့ ခုလို အနိဌာရုံတွေ ကဆက် ကြားနေရဦးမှာဖြစ်တယ်။
မကြာသေးခင်က မှ ပြုပြင်ရေးဆွဲ အတည်ပြုလိုက်တဲ့ ကျောက်မျက်ဥပဒေအရဆိုရင် ပိုလို့တောင်ဆိုးလာမဲ့သဘောရှိပါတယ်။ အသေးစား၊ အလတ်စား ခေါင်းစဉ်တွေနဲ့ လိုင်စင်သစ်တွေ ချပေးလိုက်တဲ့အခါ လုပ်ကွက်တခုမှ သုံးဧက၊ ငါးဧက သာသာ ငါးနှစ်သက်တမ်းစာလောက်ပဲ ရမှာမို့ ဒီလိုင်စင်ရတဲ့ သူတွေဟာ အကုန်ကျများပြီး ရေရှည်လုပ်ရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကို လုပ်နိုင်စွမ်းရှိမှာ မဟုတ်ပါဘူး၊ ကတုံးပေါ် ဒက်ပေါက်သလို အကွက်အကွက်နဲ့ အတော် အကြည့်ရ အရုပ်ဆိုးပါလိမ့်မယ်။ လက်ရှိ လက်ကြီးသမားတွေတောင် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုကို နိုင်နိုင်နင်းနင်းမလုပ်နိုင်တာ သူတို့ လုပ်နိုင်မယ်ပြောတာဟာ လိုင်စင်လိုချင်လို့ ပတ်ဝန်းကျင် စီမံချက် အဖြစ်ဆွဲ ၊ ဌာနဆိုင်ရာနဲ့ ပေါင်းပြီးဂွင်ရိုက်တဲ့ အဆင့်ထက်ကျော်မှာ မဟုတ်ပါဘူး၊
ခုလို အဖြစ်ဆိုးနဲ့ အသေဆိုးတွေတွေ့ရလည်း မြန်ပြည်အနှံက အလုပ်လက်မဲ့ အပေါင်းက ကျဆင်းဘွယ်ရာမရှိလို့ ဖားကန့်ကို သွားမြဲသွားနေကျဦးမှာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းနယ်မြေရဲ့ အဆိုးသံသရာ စက်ဝန်း vicious cycle ရဲ့ ပင်မတရားခံဖြစ်တဲ့ နိုင်ငံရေး မတည်ငြိမ်မှု ဟာလည်း ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ရေးဆိုင်ရာ အကြိတ်အခဲတွေ ဖြေရှင်းပြီးမှသာ ရုန်းထွက်နိုင်မှာဖြစ်လို့ နောက်ငါးနှစ်အတွင်း ရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။
ဒီတော့ ဒီအနိဌာရုံတွေကတော့ မကြားချင်လည်း ကြားနေရ၊ မမြင်ချင်လည်း ဆက်မြင်နေရဦးမဲ့ ကိန်းပါပဲ။
Source: Win Myo Thu